ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ၌လည်းကောင်း ကျင်းပခဲ့သည်။

ဦးစွာ ဇေယျာသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်က အမှာစကားပြောကြားပြီး နေပြည်တော်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးတို့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားမှူးက စာရေးဆရာကြီး ကိုရွှေအောင်သင်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့သည်။

ထို့နောက် စာရေးဆရာကြီး ကိုရွှေအောင်သင်းမှ  “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး  အသိပညာဗဟုသုတမေးခွန်းများမေးမြန်းဆွေးနွေး၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်း‌နောက် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်ရွှင်နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံ့သာမှ အထက်တန်းပြဆရာကြီး ဦးကိုကိုအောင်တို့က ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာကြီး ကိုရွှေအောင်သင်းအား ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် ဥတ္တရခရိုင်နှင့် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော နံရံကပ်စာ‌စောင်များနှင့် သုတရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)