နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်းအခမ်းအနားတက်ရောက်၊ မိုးစပါးအား ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် စက်တင်ဘာ ၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့က ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မိုးစပါးစိုက်ပျိုးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်းအခမ်းအနားကို  တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ရောက်ရှိရေ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ ‌စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုရေး၊ ကြဲပတ်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးစေ‌ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးများ တို့ချဲ့စိုက်ပျိုးရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးမှူးနှင့် စိုက်ပျိုးရေးဦးစီးမှူးတို့မှ ဓာတ်မြေဩဇာများဖြန့်ဖြူးပေးသည့်အခြေအနေများနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများပေါင်းစပ်အသုံးပြုနည်းနှင့် သွင်းအားစုများ စနစ်တကျထည့်သွင်းနည်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာများအား တောင်သူများထံ ပေးအပ်ကြပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၈၂၃ အဆင့်မြင့်လယ်ယာမြေဧက (၂၀၀) ရှင်းလင်းဆောင်သို့ သွားရောက်ပြီး တောင်သူများနှင့် တွေ့ဆုံသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိုးစပါးပန်းတိုင်အထွက်နူန်းရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားပြီး နေပြည်တော်စိုက်ပျိုးရေးမှူးမှ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ပေါင်းစပ်အသုံးပြုပုံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဓာတ်မြေဩဇာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များမှ အောင်နိုင်တိုးမျိုးစပါးများ၊ ဓာတ်မြေဩဇာများနှင့် EM များကိုလည်းကောင်း တောင်သူများထံ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဗေဒါရိုး၊ နှမ်းရိုး၊ မြေပဲခွံတို့ဖြင့် သဘာဝမြေဆွေးပြုလုပ်နည်းကို သရုပ်ပြသမှု၊ တောင်သူဒေါ်ဝင်းမော်၏ လယ်မြေ ၁၀ ဧကတွင် ရေဆင်းပေါ်ဆန်း(၂) စပါးမျိုးကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုအ‌ခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို‌နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာသို့သွားရောက်ပြီး ပဒါန်းဆည်ရေသောက်စနစ်အတွင်းရှိ လက်တံမြောင်းအမှတ်(၂) ပြန်လည်တူးဖော်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)