ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပုဇွန်တောင် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို နည်းပြ ဦးအောင်နိုင်ဦးက ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ စမ်းသပ်မဲ‌ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့ဝင်များ၊ အမှတ် (၁)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၉၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်