ရန်ကင်း စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် စက်တင်ဘာ ၁ ရက်နေ့ နံနက်(၈:၃၀)အချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံ တော်အားမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးစောင့်ရှောက်ရေးတာဝန်အပြင် နိုင်ငံတော်အတွက်အရေးကြုံလာပါက လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် (၁)မီးဘေးလုံခြုံရေး (၂)သဘာဝဘေး အန္တရာယ်ကာကွယ်ရေး (၃)ရှာဖွေကယ်ဆယ်ရေး (၄)ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေးဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်တာဝန်ရှိသူများက သင်တန်းသားများအား တူညီဝတ်စုံများပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး သင်တန်းကို စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)