ပေါင် စက်တင်ဘာ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါင်မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်အတွင်းရှိ မွေးကင်းစအသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်(၅)မျိုးစပ် ကာကွယ်ဆေးနှင့်ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော(Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။
မွန်မလေး (ပြန်/ဆက်)