ဘီးလင်းမြို့၊ အ.ထ.က(ဘီးလင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ဘီးလင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေး နွေးတတ်စေရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကိုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ဘီးလင်း)ကျောင်းမှ Grade(11)ကျောင်းသူမသော်တာမောင်မောင်က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင် ရွက်ပြီး Grade(11)ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသောမောင်ရဲလေး၊ မောင်ထွန်းလင်း၊ နန်းထူးမြတ်နဒီ၀င်း၊ မနှင်းအိလှိုင်၊ မဆုချမ်း‌မြေ့ယူတို့က ”အောင် မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့”၊ ”လူငယ်နှင့်အစွဲအလမ်း”၊ “လူငယ်နှင့်စိုးရိမ်စိတ်“၊ “ရလဒ်ကိုဦးတည်သောအရွေ့တစ်ခု”၊ “ လူငယ်နှင့်အနာဂတ်“ စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ ၊ သုတ၊ ရသ၊ စာအုပ်များကိုပြသခဲ့ရာ ဆွေးနွေးပွဲသို့တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)