မိုးညှင်းမြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးညှင်း စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက စုပေါင်းရုံးအနီး ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင်အလုပ်သမားခိုင်စေမှုများ၊ လူကုန်ကူးခြင်း၏ အဓိကအချက်များ၊ ပြည်ပဆိုင်ရာ အလုပ်သမားဥပဒေများ၊ ခေါင်းပုံဖြတ်မှုနှင့် လူကုန်ကူးမှုကျူးလွန်ပါက ခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေပြည်ဟိန်း၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဘုန်းရှိန် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့မှ “လူ…လူ…လူ…လူသည် ရောင်းကုန်မဟုတ်ပါ” စာတမ်းပါခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)