မြစ်သား စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂ ရက်နေ့နံနက် (၁၀) နာရီက ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဟန်စိုးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လူငယ်များ ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်၊ ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းအတွက် စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်းလုံးများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)