သုံးခွ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ၊ စာပေကိုပိုမိုချစ်မြတ် နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာကပ္ပတိန်သာစိန်ရေးသားသည့် "ဘဝခရီးသွားလူငယ်များသို့” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ထက်ထက်ရှိန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့သည်၊၊ ထို့နောက် Youth Club အဖွဲ့ဝင် မောင်လင်းထိုက်ကျော်က "ဘဝခရီးနှင်ရာတွင် သင်္ဘောမောင်းဥပမာ” ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် လူငယ်များသည် လူလတ်ဘဝသို့တက်လှမ်းရာတွင် ဘဝရည်မှန်းချက်လမ်းကြောင်းထား၍ စီမံချက်ချရမည်ဖြစ်ကြောင်း၊ ထိုသို့လမ်းကြောင်းရေးဆွဲခြင်းသည် ဥပမာအားဖြင့်သင်္ဘောလမ်းကြောင်းဆွဲ၍ မောင်းနှင်ခြင်းနှင့်တူသည်ဟုလည်းဆိုခဲ့ပါကြောင်း၊ လူငယ်များဘဝမှဘဝတက်လမ်းရည်မှန်းရာ၌ သင်္ဘောကဲ့သို့အခက်အခဲဖြင့် ဘဝသည်လမ်း ဖြောင့်ဖြောင့်ဖြူးဖြူးမရှိသောကြောင့် စိတ်အာရုံဖြင့်ထိန်းသိမ်းကြရမည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်၊၊
ဆက်လက်၍ Youth Club အဖွဲ့ဝင်မဝင်းသီတာကလည်း "မူးယစ်ဆေးဝါးအန္တရာယ်များရှောင်ရှားနိုင်ပါစေ" ခေါင်းစဥ်ဖြင့်ဆွေးနွေးရာ မူးယစ်ဆေးဝါးသည်ပြင်း ထန်သော ဓာတုဓာတ်ပစ္စည်းများဖြင့်ပြုလုပ်ထားသည်ဖြစ်ရာ သုံးစွဲသူတို့၏ဦးနှောက်ကိုပျက်စီးစေပါကြောင်း၊ သုံးစွဲမိပါလျှင်မူရင်းစိတ်မှာ ပျက်စီးသွားတတ်၍ ပြန်လည်ကောင်းမွန်နိုင်ခြင်းမရှိဟုဆိုပါကြောင်း ၊ မူးယစ်ဆေးဝါးသည် သုံးစွဲသူ၏ဘဝတစ်ခုလုံးကို ပျက်စီးစေပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်၊၊
စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ကြကြောင်းသိရသည်၊၊
စည်သူလင်း(ပြန်/ဆက်)