ပုဗ္ဗသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုယနေ့နံနက်ပိုင်းတွင် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဇေယျာသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်က အမှာစကားပြောကြားပြီး နေပြည်တော်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားမှူးက စာရေးဆရာကြီး ကိုရွှေအောင်သင်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့သည်။

ထို့နောက် စာရေးဆရာကြီး ကိုရွှေအောင်သင်းမှ  “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး  အသိပညာဗဟုသုတမေးခွန်းများ မေးမြန်းဆွေးနွေး၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်ရွှင်က ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာကြီး ကိုရွှေအောင်သင်းအား ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို  စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)