ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့်ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ တည်ဆောက်မှု ၈၀ ရာနှုန်းပြီးစီး

ဖားကန့်         ဒီဇင်ဘာ        ၂၂

မြန်မာနိုင်ငံ၏ အရည်အသွေးမြင့်ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ချိန်တွင် ဒေသတွင်း ကျောက်မျက်အချောထည် လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့တွင် ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း(ဖားကန့်)မှ ဥက္ကဋ္ဌ ဦးဇော်လင်းမြင့်(ခ)ဦးဝမ်းက ပြောသည်။

"ကျွန်တော်တို့ကျောက်မျက်အသင်းကနေ မန္တလေး၊ နေပြည်တော်နဲ့ တရုတ်နိုင်ငံ ရွှေလီတို့ကို ကျောက်မျက်အချောထည်လုပ်ငန်းလုပ်နိုင်ဖို့ ဒေသတွင်းက လူငယ်တွေကို ပညာသင်စေလွှတ် ထားတာ ရှိပါတယ်၊ ဒီကကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်ချိန်မှာလည်း အချောထည်လုပ်ငန်း လုပ်ကိုင် တတ်သူ တွေကို အလုပ်အကိုင်ဖန်တီးပေးဖို့ ရှိပါတယ်၊ ဖားကန့်က ထွက်တဲ့ကျောက်ကို ဖားကန့်မှာပဲ အချောထည်တစ်ခါတည်းလုပ် တစ်ခါတည်း ဈေးကွက်ဖော်ဆောင်ပေး အဲ့လိုစီစဉ်ထား ပါတယ်" ဟု ဦးဝမ်းက ပြောသည်။

ကျောက်မျက်ရောင်းဝယ်ရေးစင်တာကို ဖားကန့်မြို့နှင့် ဆိပ်မူကျေးရွာသွား ကားလမ်းမ ကြီးဘေး ယူမာကျေးရွာရှိ ကျောက်မျက်အသင်းရုံးဘေးကပ်လျက်တွင် ခွင့်ပြုရရှိသော မြေ(၄)ဧက ပေါ်၌ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက် လျက်ရှိသည်။

ကျောက်မျက်ရောင်းဝယ်ရေးစင်တာ၌ (၈၀)ရာခိုင်နှုန်း ပြီးစီးမှုအနေအထားအရ လူနေထိုင်နိုင်သည့် (၁၅)ပေ၊ (၃၀)ပေကျယ်ဝန်းသော (၄)ခန်းတွဲ (၃)ထပ် အဆောက်အဦ(၅)လုံး တည်ဆောက် ပြီးစီးနေပြီး အခန်းပေါင်း(၂၀)ကို တစ်ခန်းလျှင်ငွေကျပ်(၇၅၀)သိန်းဖြင့် ရောင်းချထားကြောင်း သိရသည်။

(၃)ပေပတ်လည်ခန့် ခုံချ၍ ကျောက်အရောင်းအဝယ်ပြုလုပ်နိုင်သည့် ရုံ(၃)ရုံပါဝင်ပြီး တစ်ရုံလျှင် (၂၁၆)ခန်း၊ စုစုပေါင်း(၃)ရုံအတွက်(၆၄၈)ခန်းပါဝင်မည်ဖြစ်ပြီး ငှားရမ်းနိုင်သည့် (၃)ခန်းတွဲ(၃)ထပ် အဆောက်အဦ(၂)လုံး၊ စားသောက်ရုံ(၂)ခန်းတွဲ(၂)လုံးနှင့်စားသောက်ဆိုင် (၃)ခန်းတွဲ(၂)လုံးတို့ ပါဝင် ကြောင်း သိရသည်။

"ကျွန်တော်တို့ မန္တလေး အောင်မြေသာဇံကျောက်ဝိုင်းဆိုတာ လူဦးရေ တစ်သိန်းကျော်လောက်ကို အလုပ်အကိုင်ပေးထားနိုင်တယ်၊ ဖားကန့်မှာက ကုန်ကြမ်းလည်းထွက်တဲ့ နေရာ၊ ဈေးကွက်သာ ဖော်ပေး နိုင်ရင် ကျွန်တော်တို့ဒေသက အလုပ်အကိုင်ပိုရလာမယ်ဆိုတာ သေချာတယ်၊  ဒီလိုတရားဝင် ရောင်းဝယ် ရေးစင်တာရှိတော့ နိုင်ငံတော်လည်း အခွန်ကို စနစ်တကျရမယ်၊ အချောထည်လုပ်ငန်း လုပ်ကိုင်တဲ့သူ တွေကိုရော ကုန်ကြမ်းရောင်းဝယ်သူတွေကိုရော လုပ်ငန်း လိုင်စင်ရဖို့ ကူညီပေးမယ်၊ ဒီကဝယ်ရောင်းတဲ့ ကျောက်ကို ကြိုက်တဲ့နေရာတရားဝင် သယ်လို့ ရတာပေါ့" ဟု ဦးဝမ်းက ပြောသည်။

ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်သည့်ပထမပိုင်းတွင် ရောင်းဝယ်မှုအဆင် ပြေစေရေး မြန်မာကျပ်ငွေဖြင့်သာ ရောင်းဝယ်မှု ဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်း ဘဏ်များနှင့်ချိတ်ဆက်ကာ ATM စက်များ ထားပေးမည်ဖြစ်သည့်အပြင် ဈေးကွက်ဖော်ဆောင်နိုင်မှု ပေါ်မူတည်ပြီး ယူရိုငွေဖြင့် ရောင်းဝယ်၍ ရအောင်လည်း ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ကျောက်အရောင်းအဝယ်လုပ်ကိုင်လျက်ရှိသူ ဦးဆုတင်ကိုက "ဒေသတွင်း ရောင်းဝယ်မှုကတော့ နိုင်ငံတော်က ပံ့ပိုးပေးရင် တိုးတက်လာမှာပါ၊ ဒီကျောက်မျက် ရောင်းဝယ်ရေးစင်တာထဲကို ကုန်ကြမ်း ကျောက်တွေက ဘယ်ကဝင်လာမှာလဲဆိုတာတော့ ရှိတာပေါ့၊ ရေမဆေးသမားတွေဆီက ကျောက်အပြင် ကုမ္ပဏီတွေဆီကကျောက်ပါ ဒီရောင်းဝယ်ရေးစင်တာထဲ ဝင်လာရင် ကုန်ကြမ်းမာ တာပေါ့၊ အချောထည် လုပ်ငန်းအတွက် အလုပ်အကိုင်ပိုရမှာပေါ့"ဟု သုံးသပ်သည်။

လက်ရှိ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ယာယီပိတ်ထားကြသည့် ဖားကန့် ကျောက်ဝိုင်း၊ ဆိပ်မူကျောက်ဝိုင်း၊ ဝှေခါကျောက်ဝိုင်း၊ မော်စီစာ ကျောက်ဝိုင်းနှင့် လုံးခင်း ညကျောက်ဝိုင်းတို့ကဲ့သို့ ပျံကျကျောက်ဝိုင်းကြီးများနှင့် ကျေးရွာအချို့တွင် ကျောက်ဝိုင်းငယ် များရှိသော်လည်း တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းများ မဟုတ်ကြောင်း သိရသည်။

"ကျောက်မျက်ရောင်းဝယ်ရေးစင်တာမှာ အရောင်းအဝယ်လုပ်သူတွေကို လည်ဆွဲကတ် ထုတ်ပေးထားမယ်၊ မနက်(၈)နာရီကနေ ည(၈)နာရီဖွင့်ပေးမယ်၊ နေပြည်တော် ကျောက်မျက်ပြပွဲလို ဒီဒေသရဲ့ အသေးစား ကျောက်မျက်ပြပွဲ ဆောင်ရွက်နိုင်ဖို့အထိ အစိုးရဌာနတွေနဲ့ ပူးပေါင်း အကောင် အထည် ဖော်သွားဖို့ရှိပါတယ်" ဟု ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်) ၏ ဥက္ကဋ္ဌ ဦးဝမ်းက ပြောသည်။

တာလင်းမောင်(ပြန်/ဆက်)