စဉ့်ကိုင် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ရပ်မိ၊ ရပ်ဖများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရပ်ကွက်နေပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ဆောင်ရွက်ကြသည်။
၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ပါရှိသည့် လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)