မိုင်းခတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးထက်အောင်က ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအတွက် အာဟာရနှင့်ဆေးတိုက်ကျွေးမှုများအကြောင်း ဆွေးနွေးဟောပြောပြီး၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က MCCT အာဟာရအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းရုံးမှ လူမှုဝန်ထမ်း-၄ ဒေါ်ခင်ဝတ်မှုံက MCCT အာဟာရနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)