မိုးနဲ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းလျာထားချက်များပြည့်မီရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိရေး၊ ရုံး/ဌာန ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေး၊ လူဦးရေကိန်းကဏန်းများ မှန်ကန်မှုရှိစေရေး၊ နေရပ်စွန့်ခွာ ပြည်သူများ လူဦးရေစာရင်းမှန်ကန်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းများ လိုက်နာပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပေးကြရန်စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားပျက်ဆီးခြင်းမှ ကာကွယ်ခြင်းဥပဒေကို ဖတ်ကြားရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)