မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိတ္ထီလာ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများအား ရှင်းလင်းပို့ချခြင်းကို စက်တင်ဘာ ၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများအား ရှင်းလင်းဆွေးနွေးသည်။

ထိုနောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းအုပ်များနှင့် စက်ရုံများမှတာဝန်ရှိသူများက ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများထံသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာကိုင်လက်စွဲစာအုပ်များကို တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ချမ်းသာ