မော်လမြိုင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်ရဲမှူးအောင်မြင့်ဋ္ဌေးက အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝစားကြစို့ ” ဗီဒီယိုကိုပြသကြောင်း သိရှိရသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ INGOs၊ CSO အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပစ္စည်းများပေးခြင်း၊ အသက်တစ်နှစ်မှငါးနှစ်အတွင်း က‌‌လေးငယ်များအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)