ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၂

လူငယ်များ ကျန်းမာကြံ့ခိုင်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်အဆင့်အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်း စနစ်တကျနေရာယူပြီးနောက် ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇံဖြူနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်တို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားအသင်းများမှ နိုင်ငံတော်အလံအား အလေးပြုပြီး အားကစားအဓိဋ္ဌာန် သီချင်းကို သီဆိုခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားအသင်းများမှ ချီတက်အလေးပြုခဲ့ကြသည်။ 

ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို အားကစားနည်း (၇) မျိုးနှင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ စက်တင်ဘာလ (၂) ရက်နေ့မှ စက်တင်ဘာလ (၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများအား မြို့နယ်ပညာရေးမှူးဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရါသည်။

အဆိုပါပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်‌ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်နှင့် အားကစားအသင်းများမှ အုပ်ချုပ်သူ နည်းပြဆရာ၊ ဆရာမများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ(ချမ်း/စည်)