မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး စသည့်အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖူဆယ်ပြိုင်ပွဲ သည် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို သွားရောက်နေခြင်းပင်ဖြစ်သည့်အပြင် ပြည်နယ်ဂုဏ် ဆောင်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့စိတ်ဝင်စားသည့် အားကစားနည်း များတွင် ယခုလို ပါဝင်ယှဉ်ပြိုင်ကြသကဲ့သို့ ကျောင်းစာတွင်လည်း ကြိုးစားသင်ယူကြရန် လိုအပ် မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်ဘာသာရပ်ပေါင်းစုံမှ အမျိုးသားအသင်း(၁၁)သင်း၊ အမျိုးသမီး (၃) သင်းတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ဖူဆယ်ဘောလုံးချစ်ပရိတ်သတ်များ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက အကောင်းဆုံးကစား သမားဆုရ အမျိုးသမီးပြိုင်ပွဲဝင်များအားလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယဆုရ အသင်းများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ပထမဆုရ စိတ်ပညာဘာသာရပ် အမျိုးသမီးဖူဆယ်အသင်းအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကောင်းဆုံးကစားသမားဆုရ အမျိုး သားပြိုင်ပွဲဝင်များအားလည်းကောင်း၊ တတိယ၊ ဒုတိယဆုရ ဖူဆယ်ဘောလုံးအသင်းများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဓာတုဗေဒဘာသာရပ်အသင်းအားလည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်၊ တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၊ သာသနာ့ဗိမ္မာန်၌ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ဆင်ဘို၊ တာလောကြီး၊ ဗန်းမော်မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က အိမ်ထောင်စု (၁၄၁)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၁၄၁)အိတ်၊ ဆီ (၁၄၁) ပိဿာနှင့် ကြက်ဥ ၂၈၂၀ လုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာာ ယာယီတိမ်းရှောင်ပြည် သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး ယခုလိုထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေးအတွက်ကိုလည်း အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်စုများ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CAEXPO)တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့အဖြစ် ပါဝင်ပြသနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME စီးပွားရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့အား နိုင်ငံကိုယ်စားပြု နှစ်လိုဖွယ်ရာမြို့အဖြစ် ဂုဏ်ယူစွာပြသသွားရမည်ဖြစ်သည့်အပြင် ဒေသထွက်ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ ရှိပါ က ပွင့်ပွင့်လင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကုန်စည်ပြပွဲတွင် ပါဝင်ပြသသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသဆောင်ရွက် သွားမည့် အစီအစဉ်များ၊ နှစ်လိုဖွယ်ရာမြို့ မိတ်ဆက်ဗီဒီယိုကလစ်နှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကုန်စည်ပြပွဲနှင့် နှစ်လိုဖွယ်ရာမြို့ ပြခန်းအတွက် သွားရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အသီးသီးတင်ပြကြ သည်။
ယင်းနောက် MSME လုပ်ငန်းရှင်များက ကုန်စည်ပြပွဲအတွင်း ဒေသထွက်ဟင်းခတ်အမွှေးအကြိုင်များအပါအဝင် ပါဝင်ပြသသွားမည့် ကုန်စည်ပစ္စည်းများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)