ဥတ္တရသီရိမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌၊ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းက အားကစားသမားလူငယ် လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗိုလ်လုပွဲကို မင်းကုန်း‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်း‌ကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မင်းကုန်းအခြေခံပညာ အထက်တန်းကျောင်းအသင်းက အမှတ်(၁၂) အခြေပညာအထက်တန်း‌ကျောင်း အသင်းအား နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နှစ်သိမ့်ဆု၊  တတိယဆု၊ ဒုတိယဆုနှင့် ပထမဆု ရရှိသောအသင်းများအား ငွေသားဆုများကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက  ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအသင်းအား ဆုဖလားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက ‌ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)