ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဟိုပုံး စက်တင်ဘာ ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)နှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆင့်ပွားသင်တန်းတွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT) လုပ်ငန်းစဉ်များနှင့်  အာဟာရအကြောင်းအရာများကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ အဆိုပါဆင့်ပွားသင်တန်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့တက်ရောက်ကြပြီး သင်တန်းအားတစ်ရက်တာ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)