မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ထီလာမောင်ဖလားအမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ပြိုင်ပွဲ အခမ်းအနားများသို့ တက်ရောက်အားပေး

ချမ်းအေးသာစံ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့တွင် နှစ်စဉ်ကျင်းပသည့် သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော် (၁၄၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို မြို့မ ရပ်ကွက် မိတ္ထီလာကန်တွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ဝါသနာရှင်များ တက်ရောက်၍ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ အကြီးတန်းအမျိုးသားအသင်း၊ အငယ်တန်း အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့  ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။

သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား သြဂုတ် လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ပုံမှန်ပွဲစဉ်များကို စက်တင်ဘာလ ၇ ရက်အထိ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲတွင် အကြီးတန်းအမျိုးသားအသင်း ၅ သင်း၊ အငယ်တန်း အမျိုးသားအသင်း ၂ဝ သင်း၊ အမျိုးသမီးအသင်း ၄ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်လှေအသင်း ၂၉ သင်း ပါဝင်ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာမြို့ နယ်အားကစားကွင်း (ပေါက်ချောင်း) တွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ထီလာမောင်ဖလားအမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲပထမပိုင်း၌ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းသူများမှ Zumba Dance၊ အေရိုးဗစ်အကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် ရတနာမာန်အောင် (က) အသင်း နှင့် ရွှေလွန်းပျံ (က) အသင်းတို့ ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ဆက်လက်ကြည့်ရှု အားပေးကြရာ နှစ်သင်းစလုံး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားကြကာ ရတနာမာန်အောင် (က) အသင်းက တစ်ဖက်အသင်းကို ပင်နယ်တီသွင်းဂိုး ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုများချီးမြှင့်ကြရာ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ဂုဏ်ပြုငွေများကိုလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တတိယဆုရရှိသော တောတွင်လှအသင်း၊ ဒုတိယဆုရရှိသော ရွှေလွန်းပျံ (က) အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ပထမဆုရရှိသော ရတနာမာန်အောင် (က) အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသော ရတနာမာန်အောင် (က) အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ Zumba Dance ၊ အေရိုးဗစ် အကများဖြင့် ကပြဖျော်ဖြေခဲ့သော မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းသူများအတွက် ဂုဏ်ပြုငွေကို မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံသို့လည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းနှင့် ရတနာမာန်အောင် (က) အသင်းမှာတံခွန်စိုက် ဆုကို ၃ နှစ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်