မိုင်းယောင်းမြို့နယ်၌ MCCT အာဟာရ အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသော (MCCT) အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ MCCT အာဟာရအကြောင်းတို့ကို အသိပညာပေးရှင်းလင်းပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါ်နန်းမွေဖောင်းက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးများအတွက် အာဟာရနှင့်ဆေးတိုက်ကျွေးမှုအသိပညာပေး ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း