ကျောက်ဆည်မြို့နယ်တွင် အသက် (၂) နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေး

ကျောက်ဆည် စက်တင်ဘာ ၂

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့နံနက်ပိုင်းက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဆေးထိုးစုရပ်များခွဲပြီး အပတ်စဉ်နေ့ရက်များ သတ်မှတ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များအတွက် အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း ဆရာ/ ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်/ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)