နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်လေးရပ်တွင် “နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ ( Agro -based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး" ဦးတည်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့်အတိုင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စပါးစိုက်ပျိုးသောယာမြေများကို မိုးကောင်းသောက်လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်ပြီး မျိုး၊မြေ၊ရေ၊နည်း မှန်ကန်စွာလုပ်ဆောင်ပါက စပါးအထူးအထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းများ ရရှိလာမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စပါးစိုက်ပျိုးသည့်ယာမြေ ၇၄၄ ဧကရှိပြီး ၎င်းယာမြေများအား လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး တောင်သူများနှင့်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးသည့် ယာမြေများအား လယ်မြေအဖြစ် ပြောင်းလဲသတ်မှတ် ဆောင်ရွက်ခြင်းဖြင့် မြေဆီဩဇာပိုမိုကောင်းမွန်လာနိုင်ခြင်း၊ စပါးအထွက်နှုန်း ပိုမိုတိုးတက်လာနိုင်ခြင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် တောင်သူများ၏ အကျိုးစီးပွားနှင့် ဒေသအကျိုးစီးပွား တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ ယာမြေမှလယ်မြေအဖြစ် ပြောင်းလဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား တောင်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကိုမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် သဘာဝဘေးဖြစ်ပွားမှုများကြောင့် ထိခိုက်ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးနှင့် ကုစားနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများပျက်စီးမှုများကို အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်သတင်းများရရှိပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး၊ ချက်ချင်းစားသောက်နိုင်မည့် အစားအစာများ၊ သန့်ရှင်းသော သောက်သုံးရေများ၊ စောင်များ၊ ခြင်ထောင်များ စသသည်ဖြင့်  အသင့်စုစည်းပြင်ဆင်ထားရှိရန်လိုအပ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဇတ်တိုက်လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ရန်နှင့် ကယ်ဆယ်ရေးသုံး စက်၊ ယာဉ်၊ ယန္တရားများအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး လေ့ကျင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများအား မှန်ကန်တိကျစွာ ကောက်ခံပြုစုတင်ပြရန်လိုအပ်ကြောင်း၊ ဘေးသင့်ပြည်သူများအား နိုင်ငံတော်နှင့်အလှူရှင်များမှ ထောက်ပံ့ပေးသည့် ငွေများ၊ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ဘေးသင့်ပြည်သူများ လက်ဝယ်သို့ရောက်ရှိရေး စနစ်တကျစီမံဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်အတွင်းဖြစ်နိုင်ခြေရှိသော ဘေးအမျိုးအစားများကို ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန် အသိပညာပြန့်ပွားစေရေး ဆောင်ရွက်သွားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်အတွက်  ဌာနဆိုင်ရာများအနေဖြင့်  ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ပေါစံခေါ ကျေးရွာကွင်းအမှတ်(၁၇၂၁)သို့ သွားရောက်ပြီး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများနှင့်တွေ့ဆုံ၍  သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသော ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများ လက်ဝယ်သို့ရောက်ရှိရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီးရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ ကြဲပတ်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဓာတ်မြေဩဇာကိုလည်းကောင်း နေပြည်တော်ကောင်စီဝင်များက ကျောက်မှုန့်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများကိုလည်းကောင်း တောင်သူများထံပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မိုးစပါးခင်းများ ရေဝင်ရောက်မှုအခြေအနေများ၊ သကြားစက်ရိုးရေစီးဆင်းမှုအခြေအနေများ၊ ယာမြေမှ လယ်မြေအဖြစ်သို့ ပြောင်းလဲမည့် စိုက်ခင်းများအား လှည်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပေါင်းလောင်းရေလွှဲဆည် (အဝေရာ) သို့သွားရောက်ပြီး ဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ သဲထုတ်ရေတံခါးနှင့် ပင်မရေကျော်ပေါက်များမှ ရေထုတ်လွှတ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)