ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာပေဖတ်ရှုခြင်းမှ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က  အမှာစကားပြောကြားရာတွင် စာ‌ပေဖတ်ရှုခြင်းသည် အသိပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ဘဝအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အွန်လိုင်းအချက်အလက်များ၊ ဆိုရှယ်မီဒီယာတို့၏ စွဲဆောင်မှုများကြောင့် ကျောင်းသားလူငယ်အများစု၏ စာပေဖတ်ရှုနှုန်းကျဆင်းလျက်ရှိကြောင်း၊ စာဖတ်ခြင်းသည် လူသားတို့၏ အတွေးအခေါ်နှင့် လူမှုအဆင့်အတန်းကို မြှင့်တင်ပေးသော သော့ချက်ဖြစ်သောကြောင့် စာအုပ်၊ စာပေများ ဖတ်ရှုစေလိုကြောင်း ပြောကြားပြီး အခမ်းအနားမှူးက စာရေးဆရာကြီး ကိုရွှေအောင်သင်း၏ အတ္ထုပ္ပတ္တိအား ဖတ်ကြားသည်။

ဆက်လက်၍ စာရေးဆရာကြီး ကိုရွှေအောင်သင်းမှ “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက အသိပညာဗဟုသုတဆိုင်ရာမေးခွန်းများ မေးမြန်းကြရာ အပြန်အလှန်ဆွေးနွေးပေးခဲ့ပြီး မေးခွန်းများ မေးမြန်းသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းက ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာကြီး ကိုရွှေအောင်သင်းအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့‌ကြသည်။

အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)