ပုဗ္ဗသီရိ စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ညောင်ပင်ကြီးစုကျေးရွာဓမ္မာရုံ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားရာတွင် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီပြီး ပြည်တွင်းကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တောင်သူများအနေဖြင့် ယခုပေးအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးသီးနှံများအတွက် အမှန်တကယ် စနစ်တကျထိထိရောက်ရောက် အသုံးပြုကြစေလိုသဖြင့် ယခုလိုသက်သာသော ဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများမှ စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက တောင်သူ ၃၁ ဦးအတွက် ဓာတ်မြေဩဇာ စုစုပေါင်း ၁၃၉ အိတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)