ညောင်ရွှေမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ကျင်းပ

ညောင်ရွှေ စက်တင်ဘာ ၂

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)ကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရွှေတံဆိပ်ဆုများရှင် မမိုမိုမင်းဦး(ခ)ဖြူလုံးနှင့်အဖွဲ့က ဆိုင်းဝိုင်းကြီးဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲကိုစတင်ပြုလုပ်ရာ ပြိုင်ပွဲဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးမဲနှိုက်ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ဆိုင်းဝိုင်းကြီးအဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ