ကျောက်ပန်းတောင်း စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ ၁ ရက် မွန်းလွဲ၃နာရီက လွတ်လပ်ရေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဆွမ်းလောင်းဓမ္မာရုံတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ရပ်မိ၊ ရပ်ဖများက သိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဖြေကြား ကြသည်။ ဆက်လက်၍ ရပ်ကွက်နေပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)