တာချီလိတ်မြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာချီလိတ် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင် ဦးမင်းညိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမြတ်ကိုကိုဇော်နှင့် တက်ရောက်လာကြသော ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများပေါ် အားသာချက်၊ အားနည်းချက်များ၊ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင် ဦးမင်းညိုက ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)