ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ဒဂုံ(အရှေ့) စက်တက်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း အသိပညာပေးလုပ်ငန်းကို ရပ်ကွက်အလိုက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၇) ရပ်ကွက်၊ သာသနာ့နုဂ္ဂဟ သာသနာ့ဗိမာန်ဓမ္မာရုံနှင့် အမှတ်(၈)ရပ်ကွက်၊ သာသနာ့ရက္ခိတဓမ္မာရုံတို့တွင် ယနေ့နံနက် (၁၀)နာရီမှ ညနေ (၃)နာရီအချိန်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်‌ဇော်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင် ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့် ပတ်သက်သည့်အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အဆိုပါမဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်အား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ရပ်ကွက်များတွင် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးမဉ္ဇူ