သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် (၃)ရပ်ကွက်တို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက လောကမာရဇိန်ဘုရားတန်ဆောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)