လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၀)ရပ်ကွက်အတွင်း လှိုင်ဧရာဓမ္မာရုံနှင့် အောင်ရတနာဓမ္မာရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်(၀၉:၀၀)နာရီက ကွင်းဆင်းပြုလုပ်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းနိုင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးတို့က MEVM မဲပေးစက်ဖြင့် လက်တွေ့အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများအား MEVM မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဉ်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ယခုလို ကွင်းဆင်းပြုလုပ်ရခြင်းမှာ မဲဆန္ဒရှင်ပြည်သူများ မဲပေးကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းအား ရပ်ကွက်/ကျေးရွာများအတွင်းသို့ နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)