ဒလမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ‌ အသိပညာ‌ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များပြုလုပ်

ဒလ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်၊ ထေရဝါဒဗုဒ္ဓစင်တာကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ငြိမ်းကိုက မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲနေ့တွင် MEVM စက်ဖြင့် မဲပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေးအသိပညာပေး ပြောကြားခဲ့ပြီး မဲပေးခြင်းဆိုင်ရာ သင်တန်းနည်းပြဆရာမ ဒေါ်တင်တင်အေးက MEVM စက်ဖြင့် စမ်းသပ်မဲမေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲ‌ပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်များက စိတ်ပါဝင်စားစွာ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၂၅၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)