ဒဂုံမြို့သစ်(ဆိပ်ကမ်း) စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မဲဆန္ဒရှင် ဆရာ၊ ဆရာမများ၊ ဒီဂရီကောလိပ်အဆင့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)