ဆီဆိုင်မြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်ခွဲပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

ဆီဆိုင် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့နံနက် ၉ နာရီက ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ယာယီရပ်ဆိုင်းထားခဲ့ရသည့် ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာတွင် နယ်မြေဒေသအခြေအနေအရ ယာယီရပ်ဆိုင်းထားခဲ့ရသည့် ဆီဆိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲအား ယခုလို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်းနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာထုတ်ယူမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များတို့၏ လစာထုတ်ယူမှုတို့ကို အဆင်ပြေစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ဘဏ်လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီးပွားရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း၍ ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူအကအဖွဲ့တို့အား ဆုငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိတို့သည် ဘဏ်အတွင်း၌ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)