မိုင်းဖြတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေး အသိပညာပေးလုပ်ငန်းများ  စဉ်ဆက်မပြတ် ဆောင်ရွက်

မိုင်းဖြတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိစေရေး၊ လွယ်ကူစွာမဲပေးနိုင်ရေးအတွက်ရည်ရွယ်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 

ထိုသို့အသိပညာပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်စပ်လျဉ်း၍ အမှာစကားများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းသိကောင်းစရာများ၊ စမ်းသပ်မဲပေးပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြောကြားခဲ့ရာ တာဝန်ရှိသူက ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးရွာနေပြည်သူများက စမ်းသပ်မဲပေးခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး သိလိုသည့်အချက်များကို ကြည့်ကြပ်သူများက ရှင်းလင်းပြောကြားပေးခဲ့သည်။ 

အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝန်များ၊ ရပ်ကွက်ကျေးရွာမှ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများတက်ရောက်ကြသည်။

မိုင်းဖြတ်မြို့နယ်တွင် လက်တွေ့စမ်းသပ်မဲပေးခြင်း၊ အသိပညာပေးခြင်းများကို ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)