မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များအပြင် ပြင်ပစာအုပ်စာစောင်များ လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ ဗဟုသုတအသစ်များရရှိခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်း၊ အသိပညာများ တိုးပွားလာပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပြီး ‌ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာငှားစာဖတ်သူတိုးပွားလာခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နိုင်ခြင်း၊ စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာအောင်ဆောင်ရွက်နိုင်ခြင်း၊ စာကြည့်တိုက်၏အသုံးဝင်ပုံကို ပိုမိုနားလည်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်းတို့အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို