မိုးနဲမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အာဟာရဒါနကျွေးမွေး

မိုးနဲ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း (တုမ်မို)၌ အာဟာရဒါနကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က နားလင်းကျေးရွာရှိ အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော်အားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ သာမဏေ ၁၄၄ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး စုစုပေါင်း ၂၃၈ ဦးတို့အား နေ့လည်စာအာဟာရဒါနအဖြစ် ထမင်း၊ ကြက်သားဟင်းနှင့် အာဟာရဖြစ်စေမည့်အစားအစာများကို ဆက်ကပ်ကျွေးမွေးခဲ့ကြသည်။

ထိုသို့ အာဟာရဒါနကျွေးမွေးခြင်းကို အလှူရှင် ကလောမြို့နယ်ခြေစိုက် ရွှေဇီးကွက် ညီအကိုများအဖွဲ့က ကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလို အာဟာရအဖြစ်သော်လည်းကောင်း၊ နံနက်၊ နေ့နှင့်ညနေတွင်တစ်ကြိမ်(တစ်နပ်စာ)သော်လည်းကောင်း လှူဒါန်းကျွေးမွေးနိုင်ကြောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သိရသည်။

မျိုးညွန့်ရွှေ(ပြန်/ဆက်)