ကျောက်ဖြူ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ်လနောက်ဆုံးပတ်က ကျောက်ဖြူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ပေါ်တော်မူ ကံ့ကော်တောဘုရားအား သွားရောက် ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ကျောက်တစ်လုံးပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ငလပွေ့ပူးပေါင်း စစ်ဆေးရေးဂိတ်များသို့ သွားရောက်ပြီးဂိတ်တွင် လုံခြုံရေး ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ လင်းလက်ဝတီဆိပ်ကမ်းတွင် ကျောက်ဖြူမြို့မှရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည့် အမ်ဗွီလျှံတိုးပြည့်သင်္ဘောဖြင့် ကုန်ပစ္စည်းများ တင်ဆောင် ထားရှိမှုအခြေအနေကိုကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများနှင့်ဒေသခံပြည်သူများ ဈေးနှုန်း သက်သာစွာစားသောက်နိုင်ရေးအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များကို သင်္ဘောများဖြင့် လစဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ရုံးများ၊ ဆေးရုံများတွင်လည်း ဆိုလာစနစ်ဖြင့် မီးများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ယမန်နှစ်များထက်ပိုမို၍ ထူးချွန် ကျောင်းသားများပေါ်ထွက်လာရန် ကြိုးစားပေးစေလိုကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ဆက်လက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဖြူမော်ရပ်ကွက်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် ၂၀၂၅-၂၀၂၆ မိုးစပါးတစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိစေရေး စံပြကွက် ဆောင်ရွက်ထားရှိမှုအခြေအား သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်နယ်လုံဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၂၆ ရက်တွင် မာန်အောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ဆေးရုံတက်ရောက်ဆေး ကုသမှုခံယူနေကြသည့် လူနာများအား အာဟာရဖြည့်စွက်စာများပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သော ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဆုများကို ချီးမြှင့်ကာ အဆိုပါကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုအား ကြည့်ရှုအားပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ သွားရောက်ကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ယပ်လှဲ ဘုန်းတော်ကြီး ကျောင်းရှိ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့သွားရောက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ပြီး မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ ကောင်းမွန်မှုရှိ မရှိနှင့် ရုံးခြံဝန်းသန့်ရှင်းသာယာမှုရှိမရှိတို့အား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ဆေးရုံ တက်ရောက်ဆေး ကုသမှုခံယူနေကြသည့် လူနာများအား အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- တင်ထွန်းဦး