ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ စက်တင်ဘာ ၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများအား အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမကျေးရွာအုပ်စု၊ သီရိမင်္ဂလာရှေ့ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးနေမျိုးသူရိန်၊ အတွင်းရေးမှူး ဒေါ်မြသန္တာဌေးနှင့် နန်းပန်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူတို့က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အကြောင်း သိကောင်းစရာများ၊ မဲပေးပုံနည်းစနစ်များ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရုပ်ပြကွင်းဆင်းခြင်းလုပ်ငန်းသို့ တက်ရောက်လာသည့်  ဒေသခံပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန်စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် သာလေးကျေးရွာအုပ်စု၊ (အ.ထ.က) သာလေး၌လည်းကောင်း၊ နန်းပန်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ(ပြန်/ဆက်)