နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဂုဏ်ပြုအမှာစကားပြောကြားရာ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်ပေါများခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များနှင့် သာယာဝပြောသည့်  အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ သင်ကြားပေးနိုင်ရေးနှင့် မှန်ကန်သည့် တွေးခေါ်မြော်မြင်မှုများရရှိစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသော ဆရာ၊ ဆရာမများ၊ ပံ့ပိုးပေးခဲ့ကြသော မိဘများနှင့် ဇွဲလုံ့လဝီရိယထားပြီး ကြိုးစားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ကျောင်သား၊ ကျောင်းသူ လူငယ်များသည်လည်း ဗလငါးတန်ပြည့်ဝစွာဖြင့် မိမိတို့ စိတ်ဝင်စား ဝါသနာပါသည့် အဆင့်မြင့်ပညာအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်တက်ရောက်ပြီး ရည်မှန်းထားသည့် ပန်းတိုင်ကိုရောက်ရှိကာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ နိုင်ငံ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားစေရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးမြို့နယ်ဆုနှင့် (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက (၂)ဘာသာနှင့် (၁)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအားလည်း‌ကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)