မူဆယ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးမည့် ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်အသုံးပြုမည့်စက်ဖြစ်သည့်အတွက် စနစ်တကျကိုင်တွယ်အသုံးပြုနိုင်ရေး ယခုကဲ့သို့သင်တန်းပေးရခြင်းဖြစ်ကြောင်းနှင့် နောင်တွင် မှတ်တိုင်အဖြစ်ကျန်ရှိမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်၊၊
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ကော်မရှင်အရာရှိ ဦးဇာနည်မြင့်ထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြီး မဲပေးစက်ကိုင်တွယ်အသုံးပြုပုံ၊ ကိုယ်တိုင်မဲပေးပုံအဆင့်ဆင့်ကို တစ်ဖွဲ့ချင်းအလိုက် ရှင်းလင်းသင်ကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်စုစာရေးများ စုစုပေါင်း ၂၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)