ဥတ္တရသီရိ စက်တင်ဘာလ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ (၃၁) ရက်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပခဲ့သည်။
ဟောပြောတွင် ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတ ပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာပြီး စာကောင်း ပေကောင်းများကို လေ့လာတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင်က စာရေးဆရာကြီး ကိုရွှေအောင်သင်း၏ အတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာကြီး ကိုရွှေအောင်သင်းမှ “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များအား အသိပညာဗဟုသုတ မေးခွန်းများမေးမြန်း၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူ၊ စာပေဝါသနာရှင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဇေယျာသီရိမြို့နယ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာရိုစီနေဝင်းနှင့် ပုဗ္ဗသီရိမြို့နယ် MSME အသင်းဥက္ကဋ္ဌ ဒေါ်ဝေဝေဟန် တို့က ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာကြီး ကိုရွှေအောင်သင်းအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)