ရပ်စောက်မြို့၌ ဂျီအီးစီ (ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနား ကျင်းပ

ရပ်စောက် စက်တင်ဘာ ၁

ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)သမဝါယမအသင်းလီမိတတ်၏ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် ရပ်စောက်မြို့နယ် ကျောက်စိမ်းခန်းမတွင် ကျင်းပရာ အသင်းသားဦးရေ (၉၁၂) ဦးဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဂျီအီးစီ (ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတတ်၏ဥက္ကဋ္ဌ ဒေါ်အေးအေးဝင်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို  ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုမြို့နယ်ပညာရေးမှူးမှ အမှာစကားပြောကြားသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ အသင်းစာရင်း စစ်အစီရင်ခံစာများအား ဖတ်ကြားတင်သွင်းခဲ့ပြီး သဘာပတိမှ အတည်ပြုချက်ရယူခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသည့် အသင်းသားများအား အစည်းအဝေးစရိတ် တစ်ဦးလျှင် (၂၁,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ကာ အသင်းသားများ၏ သား/သမီးများထဲမှ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တက္ကသိုလ်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ၊ ရိုးရိုးအောင်မြင်သူ၊ လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)