နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ သဘာဝမြေဩဇာပြုလုပ်နည်း သရုပ်ပြသမှုအား ကြည့်ရှုအားပေး၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပျဉ်းမနား- တောင်ညို လမ်းမကြီးဘေးတွင် မြေပဲရိုး၊ နှမ်းရိုးတို့ဖြင့် သဘာဝမြေသြဇာပြုလုပ်နည်း သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးကာ တောင်သူများအား သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းကို တောင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူဦးအေးလွင်၏ တစ်ဧက တင်းတစ်ရာကျော်ထွက်ရှိသော ဆင်းပဒေသာ(၁၁) မြေပဲများ ခူးဆွတ်ထားရှိမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  မျိုး၊ မြေ၊ ရေ၊ နည်း  နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေရေး၊ တောင်သူနည်းပညာပေး လုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်ရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသော ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိစေရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဓာတ်မြေဩဇာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက လက်စွဲမျိုးစေ့ချကိရိယာ(Seeder)များကိုလည်းကောင်း တောင်သူများထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ပိတောက်လမ်းသို့သွားရောက်ပြီး နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်လွန်ကတ္တရာလမ်း AC ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကံကော်အိမ်ယာသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုက်အမှတ် (၁၀) ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မင်္ဂလာကန်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်စီမြေထိန်းနံရံများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  ပိတောက်အိမ်ယာ တိုက်အမှတ် (၆၀၇)၊ (၆၀၈)နှင့် ဓနသိဒ္ဓိရပ်ကွက် တိုက်အမှတ် (၁၃၁၁)တို့ ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် တိုက်အမှတ် (၁၃၇၃) ဖြိုဖျက်ဖယ်ရှားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင် ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရေး၊ ပြင်ဆင်ပြီးသည့်အဆောက်အဦများ ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေး ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းရေး၊ ရေ၊ မီးများ ပြည့်စုံစွာရရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 အောင်ကို(ပုဗ္ဗသီရိ)