မဟာအောင်မြေ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက်နံနက်ပိုင်းက သံလျှက်မှော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM)ဖြင့် သုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်း ပြောကြား ပြီးနောက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရော နှစ်မဲပေးစက်များ တပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံများကို ရှင်းလင်း ပြောကြားပြီး ရပ်ကွက်နေပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အလားတူ မဟာအောင်မြေမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး အခမ်းအနားကို ရတနာဘုမ္မိ အနောက်ရပ်ကွက် ဒဟတ္တောဗိမာန်တော်၌ စက်တင်ဘာ(၁)ရက်က ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရော နစ်မဲပေးစက် သုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားပြီးနောက် ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြသကာ ပြည်သူများက ကိုယ်တိုင် စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။
အောင်ဇော်မင်း