သာကေတ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၂/တောင်ရပ်ကွက်၊ မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သြဂုတ် လ ၃၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါမြို့နယ် ၂ /တောင်ရပ်ကွက်၊ ရန်ပြေလမ်းမကြီးရှိ ရန်အောင်မြင်ဓမ္မာရုံ၌ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဋ္ဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လင်း၊ အသင်းအမှုဆောင်အဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယမအသင်းဥက္ကဋ္ဌဦးအောင်တိုးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သာကေတမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဦးကသမဝါယမဥပဒေ၊ နည်းဥပဒေများ၊ သမဝါယမလုပ်ငန်းဆိုင်ရာများ၊ အသင်း၏ရှေ့လုပ်ငန်းစဥ်များအပေါ်လိုက်နာဆောင်ရွက်ရေးတို့ကို ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့၏အစီရင်ခံစာကို အမှုဆောင်ဦးအောင်ခင်၊ ဘဏ္ဍာရေးရှင်းတမ်းကို အသင်းစာရင်းကိုင်ဒေါ်စန်းစန်းကြည်၊ အသင်းသားစာရင်းစစ်အစီရင်ခံစာကို အသင်းစာရင်းစစ်ခေါင်းဆောင်ဒေါ်ရင်ရင်သော်တို့က ဖတ်ကြားပြီး အတည်ပြုချက်များရယူခဲ့သည်။ ထို့နောက် မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အကျိုးဝေစု ၅၁၈၀၀၀၀/- ကျပ်ကို မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သီတာဦးကပေးအပ်ရာ အသင်းသားများကိုယ်စား အသင်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ရန်အောင်မြင်ဓမ္မာရုံနှင့် နာရေးကူညီမှုအသင်းတို့အား အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး သဘာပတိဦးအောင်တိုးက နိဂုံးချုပ်စကားပြောကြားခဲ့သည်။ အစည်းအဝေးအပြီးတွင်အသင်းသား ၂၅၉ ဦးအား တစ်ဦးလျှင် အကျိုးဝေစု နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ၅၁၈၀၀၀၀/- ကျပ်ကို ခွဲဝေပေးခဲ့သည့်အပြင် လက်ဆောင်ပစ္စည်းများကိုလည်းပေးဝေခဲ့သည်။
အိရွှေစင်လတ်(ပြန်/ဆက်)