ချမ်းအေးသာစံ စက်တင်ဘာ ၁
ကျောင်းသားလူငယ်များ အသိပညာဥာဏ်ရည်မြင့်မားစေရန်သာမက ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်အဆင့် အားကစားပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားကွင်း၌ ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေခရိုင်၊ ပညာရေးမှူးဆရာမကြီး ဒေါက်တာသက်လှစုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားအသင်းများမှ ချီတက်ကာအလေးပြုခဲ့ကြသည်။ ထို့နောက် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းဘင်ခရာအဖွဲ့မောင်မယ်များမှ လူငယ်စွမ်းရည်ဖြင့် တီးခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အားကစားအသင်း (၁၇) သင်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများအား မြို့နယ်ပညာရေးမှုးဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုး ဆရာမကြီး ဒေါ်ဝါဝါကျော်ထံမှ သိရပါသည်။
အဆိုပါပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မဟာအောင်မြေခရိုင်၊ ပညာရေးမှူးဆရာမကြီး ဒေါက်တာသက်လှစု၊ ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်ဝါဝါကျော်၊ အားကစားအသင်းများမှ အုပ်ချုပ်သူနည်းပြဆရာ၊ ဆရာမများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)