ကျောက်ဆည်မြို့နယ်တွင် မိုးမြေပဲ ဧက  ၃၀၀  စိုက်ပျိုးထား 

ကျောက်ဆည် စက်တင်ဘာ  ၁                                    

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးမြေပဲသီးနှံ ဧက ၃၀၀ စိုက်ပျိုးထားပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးမြေပဲသီးနှံများစိုက်ပျိုးရာ၌ တိုက်နယ်(၁)မှ ပန်းခွါကျေးရွာတွင် (၂၆)ဧက၊ ကျီးပြကျေးရွာတွင် (၂၆)ဧက၊ တိုက်နယ်(၂)မှ ဒါန်းတိုင်ကျေးရွာတွင် (၄၆)ဧက၊ တိုက်နယ်(၇)မှ ဇရစ်ခဲကျေးရွာတွင် (၅၃)ဧက၊ အုန်းကြောကျေးရွာတွင် ဧက (၁၃၀) ၊ တိုက်နယ်(၁၂)မှ တောင်တော်ကျေးရွာတွင်(၁၄)ဧက၊ ကင်းကျေးရွာတွင် (၅)ဧက စုစုပေါင်း ဧက (၃၀၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲသီးနှံစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်း ကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ရေဆင်း(၁၁) မကွေး(၁၁) မကွေး(၁၂)မျိုးများ အဓိကထား စိုက်ပျိုးကြပြီး သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြေပြင်ချိန်မှစ၍ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းများကို တောင်သူများနှင့်ပူးပေါင်းကာ ကွင်းဆင်း အသိပညာပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)