မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများ ချီးမြှင့်

ချမ်းအေးသာစံ စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီရှိ အခြေစိုက်တိုင်းတွင်းအခြေစိုက်ယာဉ်အသင်းများမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အသင်းဂိတ်ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးနှင့်ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ၎င်းကော်မတီရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်စိုး၊ တိုင်းဒေသကြီးအဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့် အဖွဲ့ဝင်များ၊ ဆုရကျောင်းသားကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးအဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပညာရည်ချွန်ဆုချီးမြှင့်ရခြင်းနှင့် ပညာရေးဖောင်ဒေးရှင်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

၎င်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ခြောက်ဘာသာဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသူ မသက်မှူးဝေဇင်၊ လေးဘာသာဂုဏ်ထူးရှင်နှင့် သုံးဘာသာဂုဏ်ထူးရှင်တို့အား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသူများနှင့် ရိုးရိုးအောင်မြင်ခဲ့ကြသူများကို လည်းကောင်း ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြောင်းနှင့် ယခုနှစ် ချီးမြှင့်ပေးသည့် ပညာရည်ချွန်ဆုပေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိသူ ၁ ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ ၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၆ ဦး နှင့် ရိုးရိုးအောင်မြင်သူ ၂၆ ဦးတို့အား ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်